ပြည်ပနိုင်ငံများရှိ မြန်မာသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း(၁၃-၂-၂၀၂၄ ရက်)

(၁၃-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက်မှ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ (၁၉)ဦးတို့နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး (၄)ဦးတို့အား တွေ့ဆုံသည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် (အင်္ဂါနေ့)နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

​ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံရုံးအကြီးအကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ်အသီးသီးရှိ နိုင်ငံ များ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် အရေးကြီးပါကြောင်း၊ သံရုံး အကြီးအကဲများအနေဖြင့် ဆောင်ရွက်နေသည့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြနိုင်ရန်၊ နိုင်ငံတော်၏ မူဝါဒများကို အချိန်နှင့်တပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

​နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရန် ပြည်ပတွင် တာဝန်ထမ်းဆောင်နေသော သံရုံးအကြီးအကဲများ သံရုံးဝန်ထမ်းများသာမက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများတွင်ပါ တာဝန်ရှိပါကြောင်း၊ မူဝါဒကို အကောင်အထည် ဖော် ရာတွင် တစ်ဦးကောင်း တစ်ယောက် ကောင်းဖြင့် ဆောင်ရွက်၍မရပဲ နိုင်ငံတကာတွင် ယှဉ်ပြိုင်မှုဖြင့် ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိအကြောင်း ပြိုင်ဘက်အကြောင်းကို ပြည့်စုံစွာ သိရှိရန် လိုအပ် ကြောင်း၊ စုစည်းအားဖြင့် ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ် နေသော အခြေအနေများကို မျက်ခြည်မပြတ်စေပဲ မိမိတို့၏မူဝါဒ အောင်မြင်အောင် ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ သံတမန်၏ သဘော သဘာဝမှာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး အခြေ အနေကို သံအမတ်ကြီးများ သိရှိပြီးဖြစ်ကြောင်း၊ အားသာချက် အားနည်းချက်များကို သုံးသပ်၍ အခွင့်အလမ်းကို ရှာဖွေပြီး နိုင်ငံ့အကျိုးစီးပွားကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

​နိုင်ငံစုံဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးများတွင် အဓိက အားဖြင့် နိုင်ငံတော် နှင့် လူမျိုးအပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ သံအမတ်ကြီးများမှာ သံတမန် အတွေ့အကြုံကောင်းများ ရှိထားသော ဝါရင့်သံတမန်များဖြစ်ကြကြောင်း၊ အချို့ နိုင်ငံကြီးများမှ မမှန်မကန် ဖိအားပေးမှုများရှိသော်လည်း နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သံအမတ်ကြီးများ သံရုံးယာယီတာဝန်ခံများမှ မြန်မာနိုင်ငံနှင့် ၎င်းတို့ တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊ ဆက်ဆံ ရေး တိုးမြှင့်ရန် ဆောင်ရွက်မှုအခြေအနေများ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထား အခြေအနေများ၊ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းနှင့် နိုင်ငံ့အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး လိုအပ်သည်များကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားသည် မွန်းလွဲပိုင်းအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။