နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား (၂၄-၂-၂၀၂၃ ရက်)

(၂၄-၂-၂၀၂၃ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၄-၂-၂၀၂၃ ရက်၊ မွန်းလွဲ(၁၃:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပခဲ့ရာ၊ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ကြပါသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဉီးစီးဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများအနေဖြင့် မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစီး ဌာနနှင့် ကိုယ်စားပြုသော ဝန်ကြီးဌာန၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားရန် လိုအပ် ကြောင်း၊ တစ်ဦးချင်းအရည်အသွေး မြင့်မားရေးကို တည်ဆောက်ရန်သာမက အစဉ်အမြဲသင်ယူ လေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံအပေါ် သစ္စာရှိရန် အထူးအရေးကြီးကြောင်းနှင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ တွင်လည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး အမြဲစဉ်းစားသုံးသပ်၍ မိမိတို့ဌာနများ အလိုက် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန ဂုဏ်မြင့်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် အလေးထားပြောကြားခဲ့ပါသည်။

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ သဘောသဘာဝအရ ဝန်ထမ်းများသည် ပြည်တွင်း/ပြည်ပ အလှည့်ကျ တာဝန်ထမ်းဆောင် နေကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိရှိနားလည် သဘောပေါက်ထားရန် လိုအပ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိနေရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၏ အခြေအနေအမှန်ကို သိရှိပြီး နိုင်ငံတကာ မျက်နှာစာတွင် အခြားသူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့သည် မွန်းလွဲ (၁၄:၀၀) နာရီတွင် အမှတ်(၃၇)၊ သံတမန်လမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တိုးချဲ့အဆောက်အဦရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှဥက္ကဋ္ဌ နှင့် ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးများမှ နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်များ၊ မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။