တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတအတွက် ကျင်းပသည့် အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ခြင်း (၂၂-၂-၂၀၂၄ ရက်)

(၂၂-၂-၂၀၂၄ ရက်၊ ပရီတိုးရီးယား)

တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အာရှဒေသသံတမန်အဖွဲ့နာယက သံအမတ်ကြီး ဦးမြင့်ဆွေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ၁၅၀၀ နာရီတွင် ပရီတိုးရီးယားမြို့ University of South Africa ရှိ Senate Hall ၊ Winnie Madikizela -Mandela Building ၌ ကျင်းပသည့် ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတ H.E. Dr. Hage Gottfried Geingob ၏ အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက်၍ အာရှဒေသသံတမန်များအဖွဲ့နှင့် မြန်မာနိုင်ငံကိုယ်စား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် သံအမတ်ကြီး ဦးမြင့်ဆွေက နမီးဘီးယားနိုင်ငံသမ္မတ H.E. Dr. Hage Gottfried Geingob ကွယ်လွန်ကြောင်း ကြားသိရသည့် အတွက် အာရှဒေသသံတမန်များအဖွဲ့နှင့် မြန်မာသံအမတ်ကြီးအနေဖြင့် နမီးဘီးယားနိုင်ငံသမ္မတ၏ မိသားစု၊ နမီးဘီးယားနိုင်ငံ ပြည်သူများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ သမ္မတ Hage Geingob သည် နမီးဘီးယားနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ South West African People’s Organization (SWAPO) တွင် ဦးဆောင်ပါဝင်ခဲ့ သည့် ကာလမှသည် နမီးဘီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံတွင် ဦးဆောင် ရေးဆွဲသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်အထိ ၎င်း၏ ဘဝတစ်လျှောက်လုံး နမီးဘီးယားနိုင်ငံအား ကြိုးစားတည်ဆောက်ခဲ့သည်ကို မှတ်မိနေပါကြောင်း၊ သမ္မတသည် နမီးဘီးယားနိုင်ငံ လွတ်မြောက်ရေး အတွက် စံထားအပ်သည့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်သည်သာမက စနစ်ကို အခြေခံ၍ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် တိုင်းပြည်၏ ခိုင်မာအားကောင်းသည့် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းအပေါ် ယုံကြည်သက်ဝင်သည့် အမြော်အမြင်နှင့်ပြည့်စုံသော ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်ပါကြောင်း၊ သမ္မတ Hage Geingob ၏ တန်ဖိုးများနှင့် ၎င်းချန်ထားရစ်ခဲ့ သည့် သမိုင်းအမွေသည် နမီးဘီးယားနိုင်ငံနှင့် အာဖရိကတိုက်အတွက်သာမက ကမ္ဘာပေါ်ရှိ လူငယ် မျိုးဆက်သစ်များအတွက် အတုယူ လေးစားအားကျဖွယ်ရာ ပြယုဂ်အဖြစ် ဆက်လက်တည်မြဲလျက် ရှိနေပါမည်ဟု ပြောကြားခဲ့ပါသည်။